ပဌမသုတ်နှင့် ဒုတိယသုတ် ထူးခြားမှု ရှိသင့်
။ ။ ဤဒုတိယနိရယသဂ္ဂသုတ်၌ "အဒိန္နာဒါယီ ဟောတိ၊ ယံ တံ ပရဿ ပရဝိတ္တူပကရဏံ" စသည်ဖြင့်လည်းကောင်း။
"ကာမေသုမိစ္ဆာစာရီ ဟောတိ၊
ယာတာမာတုရက္ခိတာ ပိတုရက္ခိတာ"၊
စသည်ဖြင့်လည်းကောင်း ပေယျာလဖော်၍ ပဌမနိရယသဂ္ဂသုတ်အတိုင်းဆိုရမည်ဖြစ်၏၊ ထို့ကြောင့် ပဌမနိရယသဂ္ဂသုတ်နှင့် ဒုတိယနိရယသဂ္ဂသုတ်တို့မှာ ပါဠိအနက်အားလုံးစုံအကုန်အတူတူချည်းဖြစ်နေ၏၊ ဘာမျှ ထူးခြားသည်ကို မတွေ့ရ၊ အမှန်အားဖြင့်ကား လာမည့်မာတုဂါမဟုတ်, ဥပါသိကာသုတ်တို့ကဲ့သို့ အနည်းဆုံးတပုဒ်တလေမျှပင်ဖြစ်စေ အပြောင်းအလဲရှိသင့်သည် ဧကန်ဖြစ်၏၊ တသုတ်နှင့် တသုတ် ဘာမျှထူးခြားမှု မရှိဘဲ တဝဂ်တည်း၌ ဒီစာကြောင်းချည်းတဆက်တည်း နှစ်ကြိမ်ထပ်ကာဖော်ပြနေခြင်းဖြင့် ဘာမျှ အကျိုးမရှိပါ၊ ထို့ကြောင့် ယခင်ပဌမသုတ်နှင့် ဤဒုတိယသုတ်တို့ တသုတ်နှင့်တသုတ် ထူးခြားကွဲပြားကြောင်းဖော်ပြသော ပုဒ်တခုခု ရှေးရှေးပါဠိတော်စာမူများ၌ ပါရှိခဲ့ပါလျက် ယခုစာအုပ်များ၌သာ ကျကျန်နေရစ်ခြင်းဖြစ်ရမည်ဟု မိမိယူဆပါသည်။
ဒုတိယံ၊ ။