၈-သာရိပုတ္တတ္ထေရဝတ္ထုဘာသာဋီကာ
ဆက်ဦးအံ့-အာနိသံသဖလ, နိဿန္ဒဖလများသည် မျက်မှောက်ဘဝ၌ ရရှိသောပဝတ္တိကျိုးများ ဖြစ်ကြသည်၊ တရားကိုယ်မှာ အဟိတ်ဝိပါက်၁၅ပါးနှင့် ကမ္မဇရုပ်, ကမ္မပစ္စယဥတုဇရုပ်များတည်း၊ ချဲ့ဦးအံ့-အဟိတ်ကုသလဝိပါက်အရာ၌ မဟာဒုဂ် စသည်တို့ကဲ့သို့ ချက်ချင်းသူဌေးဖြစ်ခြင်းသည် အာနိသံသဖလမည်၏ ၊ နိဿန္ဒဖလကား ထိုသို့သူဌေးဖြစ်လျှင် ကောင်းသောအာရုံကို မြင်ရကြားရခြင်းစသော ကုသလဝိပါက်စက္ခုဝိညာဏ်နှင့် ခန္ဓာကိုယ်၌ ဖြစ်ပွားသော ကုသိုလ်ကမ္မဇရုပ်များ, ဖြစ်ပေါ်တိုးပွားလာသော ရွှေငွေစသော ဥစ္စာများတည်း၊ ရွှေငွေစသော ဥစ္စာများသည် ကမ္မပစ္စယဥတုဇရုပ် (ကံလျှင်အရင်းခံရှိသော ဥတုဇရုပ်) များတည်း၊ အကုသလဝိပါက်အရာ၌ ဥပ္ပလဝဏ်ထေရီမကို ပြစ်မှားသော နန္ဒလုလင်၏ ချက်ချင်းမြေမြိုခြင်းသည် အာနိသံသဖလမည်၏ ၊ ထိုသို့မြေမြိုစဉ် အကုသလဝိပါက် စက္ခုဝိညာဏ်, ဒုက္ခသဟဂုတ်ကာယဝိညာဏ်စသည်နှင့် အကုသိုလ်ကမ္မဇရုပ်, ကမ္မပစ္စယဥတုဇရုပ်များသည် နိဿန္ဒဖလမည်၏ ။ (မ . ဋ္ဌ-၃, ၅၊ သီဋီသစ်-၂, ၄၅၊ အဘိဝိ-၁၇၁၊ မဏိ-၂, ၃၁၊ သင်္ဂြိုဟ်ဘာ-၃၄၆) န န သဒ္ဒဟတိ၊ မယုံကြည်သည်မဟုတ်, ယုံကြည်သည်သာ။ ဗုဒ္ဓါဒီနံ၊ ဘုရားအစရှိသော ရတနာမြတ်၃ပါးတို့၏ ။ ဂုဏံ၊ ကို။ နာပိ န သဒ္ဒဟတိ၊ မယုံကြည်သည်လည်း မဟုတ်, ယုံကြည်သည်သာ။
အဿဒ္ဓေါ အကတညူ စ, သန္ဓိစ္ဆေဒေါ စ ယော နရော၊ ဟတာဝကာသော ဝန္တာသော, သ ဝေ ဥတ္တမပေါရိသော။
ယော နရော၊ အကြင်လူသည်။ (အကြင်ပုဂ္ဂိုလ်သည်) ။
အဿဒ္ဓေါ၊ မိမိသိအပ်သော ဂုဏ်ကို သူတစ်ပါးအပြောကြောင့် ယုံကြည်ခြင်းမရှိသည်လည်းကောင်း။
ဝါ၊ မိမိသိအပ်သောဂုဏ်ကို သူတစ်ပါးအပြောကြောင့် မယုံကြည်သည်လည်းကောင်း။
အကတညူ စ၊ အကြောင်းတရားတို့သည် မပြုပြင်အပ်သော နိဗ္ဗာန်ကိုသိသည်လည်းကောင်း။
သန္ဓိစ္ဆေဒေါ စ၊ သံသရာဝဋ်အဆက်အစပ်ကို ဖြတ်ပြီးသည်လည်းကောင်း။
ဟတာဝကာသော၊ ဖျက်ဆီးအပ်သော ဖြစ်ရာဌာန ဘုံဘဝရှိသည်လည်းကောင်း။
ဝါ၊ ဖြစ်ရာဌာန ဘုံဘဝကို ဖျက်ဆီးပြီးသည်လည်းကောင်း။
ဝန္တာသော၊ မဂ်၄တန်ဖြင့် ထွေးအန်အပ်ပြီးသော အလိုအာသာရှိသည်လည်းကောင်း။
ဝါ၊ အလိုတဏှာကို မဂ်၄တန်ဖြင့် ထွေးအန်ပြီးသည်လည်းကောင်း။
(ဟောတိ၊ ၏ ။)
သ (သော)၊ ထိုလူသည်။
ဝေ၊ စင်စစ်။
**ဥတ္တမပေါရိသော**၊ ယောက်ျားတို့တွင် မြင့်မြတ်သူသည်။
ဥတ္တမပေါရိသော။ ။ ပေါရိသသဒ္ဒါသည် "ယောက်ျား၏အဖြစ်, ယောက်ျား, လုံ့လ, အားအစွမ်း" ဟူသော အနက်တို့ကို ဟော၏ (သိရီဓရ)၊ ဤ၌ "ယောက်ျား" ဟူသောအနက်ကို ယူ၍ "ပုရိသာယေဝ ပေါရိသာ [ ပုရိသ+ဏ၊ ]" ဟု ပြု၊ ထိုနောင် "ပေါရိသေသု+ဥတ္တမော ဥတ္တမပေါရိသော၊ (တစ်နည်း) ဥတ္တမော စ+သော+ပေါရိသော စာတိ ဥတ္တမပေါရိသော" ဟု တွဲပါ၊ ရှေ့နည်း၌ ပေါရိသနှင့် ဥတ္တမကို ရှေ့နောက်ပြန်။
ဝါ၊ ယောက်ျားမြတ်သည်။
(ဟောတိ)၊ ဝဉ္ဇိတာပဟေလီ။ ။ ဆက်ဦးအံ့-ပဟေလီအမျိုးမျိုးတို့တွင် ဝဉ္ဇိတာပဟေလီလည်းပါဝင်၏ ၊ သဒ္ဒါတစ်ပုဒ်သည် အနက်တစ်မျိုး၌ ထင်ရှား၏ ၊ ထိုထင်ရှားသောအနက်ကိုမဆိုဘဲ မထင်ရှားသောအနက်ကို ဆိုလိုရာဝယ် အများဆုံးအနက်၌ ထင်မှားအောင် လှည့်စားအပ်သော ပဟေလီကို ဝဉ္ဇိတာပဟေလီဟု ခေါ်၏ ၊ ဤဂါထာသည် ဝဉ္ဇိတာ-ပဟေလီတည်း၊ ပဟေလီကို အနက်ပေးရာ၌ မသိသူပေးအပ်သော အနက်မှားနှင့်, သိသူပေးအပ်သော အနက်မှန်ဟု အနက်၂မျိုးရှိ၏ ။
အနက်မှား။ ။ အဿဒ္ဓေါ-သဒ္ဓါတရားလည်းမရှိသော၊ အကတညူ စ-ကျေးဇူးကိုလည်း မသိတတ်သော၊ သန္ဓိစ္ဆေဒေါ စ-တိုက်စပ်အိမ်စပ်ကိုလည်း ဖောက်ဖြတ်တတ်သော၊ ဟတာဝကာသော-ဖျက်ဆီးအပ်သော တည်ရာအိမ်လည်း ရှိထသော၊ ဝန္တာသော-သူတစ်ပါးတို့ ပျို့အန်အပ်သော အစာကိုလည်း စားတတ်သော၊ ယော နရော-အကြင်လူသည်၊ (အတ္ထိ-၏၊) သ (သော)-ထိုလူသည်၊ ဝေ-စင်စစ်၊ ဥတ္တမပေါရိသော-ယောက်ျားတို့တွင် မြင့်မြတ်သူတည်း၊ ဝါ-ယောက်ျားမြတ်တည်း။
အနက်မှန်။ ။ အထက်၌ ပေးအပ်သောအနက်မှာ အနက်မှန်တည်း၊ ဆရာတို့ကား အဿဒ္ဓေါစသော ပုဒ်တို့ကို ယော နရော၏ ဝိသေသနယူ၍ "အဿဒ္ဓေါ-သူတစ်ပါး၏စကားကိုလည်း ယုံကြည်ခြင်းမရှိထသော၊ အကတညူ စ-အကြောင်းတရားတို့သည် မပြုမပြင် မစီရင်သော မစီရင်အပ်သော နိဗ္ဗာန်ကိုလည်း သိတတ်ထသော၊ သန္ဓိစ္ဆေဒေါ စ-သံသရာဝဋ်တို့၏ အဆက်အစပ် (ပဋိသန္ဓေ)ကိုလည်း ဖောက်ဖြတ်ဖျက်ဆီးတတ်ထသော၊ ဟတာဝကာသော-ဖျက်ဆီးအပ်သော ၃၁ဘုံတည်းဟူသော တည်ရာလည်းရှိထသော၊ ဝန္တာသော-ပျို့အန်အပ်သော တဏှာလည်းရှိထသော၊ ယော နရော-အကြင်လူသည်၊ (အတ္ထိ-၏၊) သ(သော)-ထိုလူသည်၊ ဝေ-စင်စစ်၊ ဥတ္တမပေါရိသော-တည်း" ဟု ပေးတော်မူ၏ ။ (အလင်္ကာဘာ-၁၈၈)