Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

248. Kiṃsukopamajātakaṃ (2-10-8)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သဗ္ဗေဟိကိံ သုကော ဒိဋ္ဌော, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော၊ ဤကိံသုကောပမဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ကိံသုကောပမသုတ္တန်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုဗြဟ္မဒတ်မင်း၏သားတော်လေးယောက်တို့သည်ရထားထိန်းကိုခေါ်၍၊ အချင်းရထားထိန်း၊ ငါတို့သည်ပေါက်ပင်ကိုမြင်လိုကုန်၏။ ငါတို့အား ပေါက်ပင်ကိုပြလော့ဟုဆိုကုန်၏။ ရထားထိန်းသည် ကောင်းပြီပြအံ့ဟု ဆို၍လေးယောက်ကုန်သောမင်းသားတို့အားလည်း တစ်ပေါင်းထည်းမပြမူ၍ မင်းသားကြီးကို ရှေးဦးစွာရထား၌စီးစေ၍ တောသို့ဆောင်၍ ဤသည်ကားပေါက်ပင်တည်းဟု မည်းသောကာလ၌ပေါက်ပင်ကိုပြ၏။ တစ်ယောက်သောမင်းသားအား ထူသောအရွက် ရှိသောအခါ၌ပြ၏။ တစ်ယောက်သောမင်းသားအား ပွင့်သောကာလ၌ပြ၏။ တစ်ယောက်သော မင်းသားအားသီးသောကာလ၌ပြ၏။ နောက်အဖို့၌ လေးယောက်ကုန်သောညီနောင်တို့သည်လည်း တစ်ပေါင်းထည်းနေကြကုန်လျက် ပေါက်ပင်မည်သည်ကား အဘယ်သို့ သဘောရှိသနည်းဟု စကားကိုဖြစ်စေကုန်၏။ ထို့နောင်မှတစ်ယောက်သောမင်းသားသည် မီးလောင်ငုတ်ကဲ့သို့ရှိ၏ဟုဆို၏။ နှစ်ယောက်မြောက်ဖြစ်သောမင်းသားသည် ပြည်ညောင်ပင်ကဲ့သို့ရှိ၏ဟုဆို၏။ သုံးယောက်မြောက်သောမင်းသားသည် သားတစ်ကဲ့သို့ရှိ၏ဟုဆို၏။ လေးယောက်မြောက်သောမင်းသားသည် ကုပ်ကိုပင်ကဲ့သို့ရှိ၏ဟုဆို၏။ ဤသို့ထိုမင်းသားတို့သည် အချင်းချင်းစကားဖြင့်မနှစ်သက်ကုန်သည်ဖြစ်၍အဘ၏အထံသို့သွားကုန်၍ ခမည်းတော်မင်းမြတ်၊ ပေါက်ပင်မည်သည်ကား အဘယ်သို့သဘောရှိသနည်းဟုမေးကုန်၍၊ သင်တို့သည်အသို့ဆိုအပ်ကုန်သနည်းဟုဆိုသည်ရှိသော်၊ ဆိုအပ်သောအမှတ်ကို မင်းအားလျှောက်ကုန်၏။ မင်းသည်လေးယောက်ကုန်သောသင်တို့သည်လည်း ပေါက်ပင်ကိုမြင်ဖူးကြကုန်၏။ စင်စစ်သင်တို့သည်ပေါက်ပင်ကိုပြလတ်သည်ရှိသော်၊ ရထားထိန်းကို ဤမည်သောကာလ၌ပေါက်ပင်သည် အသို့သဘောရှိသနည်း။ ဤမည်သော ကာလ၌ကားအသို့သဘောရှိသနည်းဟု ခွဲခြမ်းဝေဖန်၍မမေးအပ်။ ထို့ကြောင့်သင်တို့အားယုံမှားခြင်းသည်ဖြစ်၏ဟုဆို၍။ ။

(၃၅၂)သဗ္ဗေဟိ ကိံသုကော ဒိဋ္ဌော၊ကိံ နွေ-တ္ထ ဝိစိကိစ္ဆထ။

န ဟိ သဗ္ဗေသု ဌာနေသု၊သာရထိ ပရိပုစ္ဆိတော။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၃၅၂)တာတ၊ ချစ်သားတို့။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သောသင်တို့အားလည်း။ ကိံသုကော၊ ပေါက်ပင်ကို။ ဒိဋ္ဌော၊ မြင်ဖူးကြ၏။ ဧတ္ထ၊ ဤပေါက်ပင်၌။ တေတုမှေ၊ ထိုသင်တို့သည်။ ကိံဝိစိကိစ္ဆထ၊ အဘယ့်ကြောင့်ယုံမှားရှိကုန်သနည်းဟူမူကား။ တုမှေဟိ၊ သင်တို့သည်။ သဗ္ဗေသု၊ ခပ်သိမ်းကုန်သော။ ဌာနေသု၊ အရပ်တို့၌။ သာရထိ၊ ရထားထိန်းကို။ ဟိယသ္မာ၊ အကြင်ကြောင့်။ နပရိပုစ္ဆိတော၊ မမေးအပ်။ တသ္မာ၊ ထို့ကြောင့်။ ဝိစိကိစ္ဆထ၊ ယုံမှားရှိကြကုန်၏။ ။

မြတ်စွာဘုရားသည် ဤအကြောင်းကိုပြတော်မူ၍၊ ရဟန်းတို့၊ ထိုမင်းသားညီနောင် လေးယောက်တို့သည် ခွဲခြမ်းဝေဖန်ခြင်းကိုပြုကုန်၍ မမေးအပ်သည်၏အဖြစ်ကြောင့်ပေါက်ပင်၌ယုံမှားခြင်းကိုဖြစ်စေကုန်သ ကဲ့သို့၊ ထို့အတူသင်တို့သည်လည်း၊ ဤတရား၌ယုံမှားခြင်းကိုဖြစ်စေကုန်၏ဟုမိန့်တော်မူ၍ဘုရားဖြစ်တော်မူပြီး၍။ ။

(၃၅၃)ဧဝံ သဗ္ဗေဟိ ဉာဏေဟိ၊ယေသံ ဓမ္မာ အ-ဇာနိတာ။

တေ ဝေ ဓမ္မေသု ကင်္ခန္တိ၊ကိံ သုကသ္မိံ-ဝ ဘာတရော။ ။

ဟူသောဒုတိယဂါထာကိုဆို၏။ ။

(၃၅၃)ဘိက္ခဝေ၊ ရဟန်းတို့။ ဘာတရော၊ ​လေးယောက်ကုန်သောမင်းသား ညီနောင်တို့သည်။ ကိံ သုကသ္မိံ၊ ပေါက်ပင်၌။ ကင်္ခန္တိဣဝ၊ ယုံမှားကုန်သကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ ယေသံ၊ အကြင်သူတို့သည်။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော။ ဉာဏေဟိ၊ ဝိပဿနာဉာဏ်တို့ဖြင့်။ ဓမ္မာ၊ ခြောက်ပါးသောဖဿာယတနပဉ္စက္ခန္ဓာစတုမဟာဘူတအဋ္ဌာရသဓာတုအပြားရှိသောတရားတို့ကို။ အဇာနိတာ၊ မသိအပ်ကုန်။ တေ၊ ထိုသူတို့သည်။ ဝေ၊ စင်စစ်။ ဓမ္မေသု၊ ခြောက်ပါးသောဖဿာယတနပဉ္စက္ခန္ဓာစတုမဟာဘူတအဋ္ဌာရသဓာတု အပြားရှိသောတရားတို့၌။ ကင်္ခန္တိ၊ ယုံမှားကုန်၏။ ။

ကိံသုကောပမဇာတကံ အဋ္ဌမံ။၂၄၈။