နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဗာရာဏသျံမဟာရာဇ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤသုပတ္တဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ ဗိမ္ဗာဒေဝီထေရီမအား အသျှင်သာရိပုတ္တရာမထေရ်သည်ပေးအပ်သော ငါးကြင်းသားအရသာ၊ အသစ်ဖြစ်သောထောပတ်နှင့် ရောသောသလေးဆွမ်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါစဖိုသည်သည်ကျီးစစ်သူကြီးကို မင်း၏အထံသို့ ဆောင်၏။ ထိုစစ်သူကြီးကျီးကိုမင်းသည်၊ ကျီး၊သင်သည် ငါ့ကိုလည်းမရှက်၊ စဖိုသည်၏နှာခေါင်းကိုလည်းဖြတ်၏။ ထမင်းခွက်တို့ကိုလည်းခွဲ၏။ မိမိအသက်ကိုမစောင့်၊အဘယ့်ကြောင့် ဤသို့သဘောရှိသောအမှုကို ပြုသနည််းဟုမေး၏။ ကျီးသည်၊ မြတ်သောမင်းကြီး၊ အကျွန်ုပ်တို့၏ကျီးမင်းသည် ဗာရာဏသီပြည်ကိုမှီ၍နေ၏။ အကျွန်ုပ်သည် ထိုကျီးမင်း၏စစ်သူကြီးတည်း။ ထို ကျီးမင်း၏ သုဖဿာမည်သော မိဖုရားသည် သင်မင်းကြီးတို့၏စားတော်ကိုစားလို၏။ ကျီးမင်းသည်ကျီးမိဖုရား၏ချင်ခြင်းကိုအကျွန်ုပ်အား ကြား၏။ အကျွန်ုပ်သည်ကျီးမင်းအထံ၌လျှင်အသက်ကိုစွန့်၍လာ၏။ ယခုအကျွန်ုပ်သည်ကျီးမင်းသို့စားဖွယ်ကိုပို့စေအပ်ပြီ။ အကျွန်ုပ်၏ နှလုံးအလိုသည် အပြီးသို့ ရောက်ပြီ။ ဤအကြောင်းကြောင့် အကျွန်ုပ်သည်ဤသို့သဘောရှိသောအမှုကိုပြု၏ဟုပြလိုရကား။ ။
(၄၈၁)ဗာရာဏသျံ မဟာရာဇ၊ကာက-ရာဇာ နိဝါသကော။
အသီတိယာ သဟဿေဟိ၊သုပတ္တော ပရိဝါရိတော။ ။
(၄၈၂)တဿ ဒေါဟဠိနီ ဘရိယာ၊သုဖဿာ ဘက္ခိတု-မိစ္ဆတိ။
ရညော မဟာနသေ ပက္ကံ၊ပစ္စဂ္ဃံ ရာဇ-ဘောဇနံ။ ။
(၄၈၃)တေသာ-ဟံ ပဟိတော ဒူတော၊ရညော စ-မှိ ဣဓာ-ဂတော။
ဘတ္တု-အပစိတိံ ကုမ္မိ၊နာသာယ-မကရံ ဝဏံ။ ။
ဟူသောဤသုံးဂါထာတို့ကိုဆို၏။ ။
(၄၈၁-၄၈၃)မဟာရာဇ၊ မြတ်သောမင်းကြီး။ ဗာရာဏသျံ၊ ဗာရာဏသိယံ၊ ဗာရာဏသီပြည်၌။ သုပတ္တော၊ သုပတ္တအမည်ရှိသော။ ကာက-ရာဇာ၊ ကျီးမင်းသည်။ အသီတိယာ သဟဿေဟိ၊ ရှစ်သောင်းသော ကျီးတို့သည်။ ပရိဝါရိတော၊ ခြံရံအပ်သည်ဖြစ်၍။ နိဝါသကော၊ အမြဲနေ၏။ ။
တဿ၊ ထိုသုပတ္တအမည်ရှိသောကျီးမင်း၏။ သုဖဿာ၊ သုဖဿာအမည်ရှိသော။ ဘရိယာ၊ မိဖုရားသည်။ ဒေါဟဠိနီ၊ ဖြစ်သောချင်ခြင်းရှိ၍။ ရညော၊ အရှင်မင်း၏။ မဟာနသေ၊ ပွဲတော်အိမ်၌။ ပက္ကံ၊ အထူးထူးအပြားပြားသော ဇီယာကရဝေး အမွှေးအကြိုင်တို့ဖြင့် ကောင်းမွန်စွာ ချက်အပ်သော။ ပစ္စဂ္ဃံ၊ အသီးသီးအဖိုးများစွာထိုက်သောငှက်သိုက်ငါးအမဲစသော အဆောက်အဦအထူးရှိသော။ ရာဇ-ဘောဇနံ၊ မင်းထိုက်ဘောဇဉ်ကို။ ဘက္ခိတုံ၊ ပွဲတော်တည်ခြင်းငှာ။ ဣစ္ဆတိ၊ အလိုရှိ၏။ ။
အဟံ၊ အကျွန်ုပ်သည်။ တေသံ၊ ထိုရှစ်သောင်းခြံရံ စံနေတော်မူသော ကျီးမင်းမိဖုရားတို့၏။ ဒူတော၊ တမန်တည်း။ ရညောစ၊ ငါတို့အရှင် သခင်ကျီးမင်းသည်လည်း။ ပဟိတော၊ မိဖုရားဖို့စားတော်အစာဆောင်စိမ့်သောငှာ စေအပ်သည်ဖြစ်၍။ ဣဓ၊ ဤအရပ်သို့။ အာဂတော၊ လာသည်။ အမှိ၊ ဖြစ်၏။ သွာဟံသောအဟံ၊ ထိုအကျွန်ုပ်သည်။ ဧဝံ၊ ဤသို့။ အာဏတ္တော၊ စေတော်မူအပ်သည်ဖြစ်၍။ ဘတ္တု၊ အကျွန်ုပ်တို့၏အရှင်သခင်ကျီးမင်းအား။ အပစိတိံ၊ ပူဇော်မြတ်နိုးခြင်းကို။ ကုမ္မိကရောမိ၊ ပြုပေအံ့။ မဟာ-ရာဇ၊ မြတ်သောမင်းကြီး။ ဣမိနာကာရဏေန၊ အရှင်ကျေးဇူး ထိမ်မြူး မမူပူဇော် လိုသောဤအကြောင်းကြောင့်။ တုမှေစ၊ အရှင်မင်းကြီးတို့ကို။ ဇီဝိတဉ္စ၊ အကျွန်ုပ် အသက်ကို၎င်း။ အဂ္ဂယေတွာ၊ မရေတွက်မူ၍။ ဘတ္တဘာဇနံ၊ ပွဲတော်အုပ်ကို။ ပါတေတုံ၊ ချစိမ့်သောငှာ။ ဘတ္တဟာရကဿ၊ ပွဲတော်ဆောင်သောသူ၏။ နာသာယံ၊ နှာသီး၌။ မုခတုဏ္ဍကေန၊ သံညှပ်နှင့်တူသောနှုတ်သီးဖြင့်။ ဝဏံ၊ စုတ်ပြတ်သောအနာကို။ အကရံ၊ ပြုပြီ။ မယာ၊ အကျွန်ုပ်သည်။ ရညော၊ အကျွန်ုပ်တို့အရှင်သခင်ကျီးမင်းအား။ အပစိတိံ၊ အသက်ဖြင့်ပူဇော်သောအမှုကို။ ကတာ၊ ပြုအပ်ပြီ။ ဣဒါနိ၊ ယခု။ တုမှေ၊ အသျှင်မင်းကြီးတို့သည်။ ယံ၊ အကြင်ဒဏ်ကို။ ဣစ္ဆထ၊ အလိုရှိကုန်၏။ တံဒဏ္ဍံ၊ ထိုဒဏ်ကို။ ကရောထ၊ အလိုရှိရာပြုကာမူ။ ။
မင်းသည်ထိုကျီးစစ်သူကြီး၏စကားကိုကြား၍ လူဖြစ်ကုန်သောငါတို့သည် ကြီးစွာသောစည်းစိမ်ကိုပေးကုန်လျက်လည်း ငါတို့အားချစ်စိမ့်သောငှာ မတတ်နိုင်ကုန်။ ရွာအစရှိသည်တို့ကို ပေးကုန်လျက်လည်း ငါတို့အား အသက်ကိုပေးသောသူကိုမရကုန်။ ဤသတ္တဝါကားကျီးဖြစ်လျက် မိမိအသက်ကိုကျီးမင်းအားစွန့်၏။ အလွန်လျှင်သူတော်ကောင်း၏ သာယာစွာသော အသံရှိ၏။ တရားဟောတတ်၏ဟုဂုဏ်ကျေးဇူး၌ကြည်ညို၍ကျီးစစ်သူကြီးကိုထီးဖြူဖြင့်ပူဇော်၏။ ကျီးစစ်သူကြီးသည် မိမိရသောထီးဖြူဖြင့် မင်းကိုလျှင်ပူဇော်၍ ဘုရားလောင်း၏ကျေးဇူးတို့ကိုဆို၏ မင်းသည် ဘုရားလောင်းကိုခေါ်စေ၍တရားနာ၍နှစ်ခုကုန်သောကျီးတို့အားလည်းမိမိစားသောနည်းဖြင့် ထမင်းအစာကိုမပြတ်ပေး၏။ ကြွင်းသော ကျီးတို့အား နေ့တိုင်းနေ့တိုင်း ဆန်တအမ္ဗဏချက်ထမင်းကို ပေး၏။ မိမိသည်လည်း ဘုရားလောင်းအဆုံးမ၌တည်၍ခပ်သိမ်းသောသတ္တဝါတို့အား ဘေးမဲ့ပေး၍ပဉ္စသီတို့ကိုစောင့်၏။ သုပတ္တကျီးမင်း၏အဆုံးအမသည်ကား အနှစ်ခုရာတည်၏။ ။ (ဗာရာဏသျံ၊ဗာရာဏသိယံဖြတ်၍။ ယ,နှောင်းရာသရကျေ၍ ဗာရာဏသျံ,ပြီးသည်။ ။ မစ္ဆမံသဝိကတီသု ပစ္စေကမေတ္ထမ ဟဂ္ဃန္တိပစ္စဂ္ဃံ။ ။ ဧတ္ထဘောဇနေ၊၌။ မစ္ဆမံသဝိကတီသု၊ ငါးအမဲအထူးတို့တွင်။ ပစ္စေကံ၊ အသီးသီး။ မဟဂ္ဃံ၊ အဖိုးများစွာထိုက်သောငှက်သိုက် ငါးအမဲအဆောက်အဦသည်။ အတ္ထိ၊ ရှိ၏။ ဣတိတသ္မာ၊ ကြောင့်။ တံဘောဇနံ၊ သည်။ ပစ္စဂ္ဃံ၊ မည်၏။ ။ ကုမ္မိ,ကိုကရောမိ,ဖွင့်သောကြောင့်၊ကရဓာတ်၊မိဝိဘတ်သက်၍။ ကွစိဓာတုသုတ်ဖြင့်ပြီးသတည်း)။ ။
သုပတ္တဇာတကံ ဒုတိယံ။၂၉၂။