နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သတ္တမေရောဟိတာမစ္ဆာ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသသပဏ္ဍိတဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ခပ်သိမ်းသောပရိက္ခရာအလှူကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည်ကား အချိန်၌သာလျှင်နေရာမှထွက်၍နေစာမြက်တို့ကိုစားအံ့ဟု မိမိနေရာချုံ၌လျှင် ဝပ်၍ မိမိသီလကိုဆင်ခြင်လျက် ငါ့အထံသို့လာကုန်သောအလှူခံတို့သည် မြက်ကိုစားခြင်းငှါမတတ်ကောင်းကုန်။ နှမ်း,ဆန်,အစရှိသည်တို့သည်လည်းငါ့အားမရှိကုန်။ ငါ့အထံသို့အလှူခံသည်အကယ်၍လာငြားအံ့၊ကိုယ့်အသားကိုလှူအံ့ဟုကြံ၏။ ဘုရားလောင်းသီလတန်းခိုးအားဖြင့်သိကြားမင်း၏ ပဏ္ဍုကမ္ဗလာကျောက်နေရာသည် ပူသောအခြင်းအရာကိုပြ၏။ သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုအကြောင်းကိုမြင်၍ ယုန်မင်းကိုစူးစမ်းအံ့ဟုရှေးဦးစွာဖျံ၏နေရာသို့သွား၏။ ပုဏ္ဏားအသွင်ဖြင့်ရပ်၏။ ပုဏ္ဏား၊ အဘယ်အကျိုးငှါရပ်သနည်းဟုမေးလတ်သော်၊ ပညာရှိ၊ တစ်စုံတစ်ခုသော အာဟာရကိုရသော် ဥပုသ်ဆောက်တည်၍နေအံ့ဟုရပ်၏ဟူ၍ဆို၏။ ဖျံသည်ကောင်းပြီ၊ သင့်အားအာဟာရကိုပေးအံ့ဟုသိကြားနှင့်တကွစကားပြောလိုရကား။ ။
(၅၆၈)သတ္တ မေ ရောဟိတာ မစ္ဆာ၊ဥဒကာ ထလ-မုဗ္ဘတာ။
ဣဒံ ဗြာဟ္မဏ မေ အတ္ထိ၊ဧတံ ဘုတွာ ဝနေ ဝသ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ပုဏ္ဏားသည်ရှိစေဦး၊စောသေး၏။ နောက်မှသိရအံ့ဟုဆို၍မြေခွေး၏ အထံသို့သွား၏။ မြေခွေးသည်လည်း အဘယ်အကျိုးငှာ ရပ်သနည်းဟု မေးသည်ရှိသော်၊ ထိုရှေးအတူသာလျှင်ဆို၏။ မြေခွေးသည် ကောင်းပြီ၊ လှူအံ့ဟုထိုသိကြားနှင့်တကွစကားပြောလိုရကား။ ။
(၅၆၉)ဒုဿ မေ ခေတ္တ-ပါလဿ၊ရတ္တိံ ဘတ္တံ အပါ-ဘတံ။
မံသ-သူလာ စ ဒွေ ဂေါဓံ၊ဧကဉ္စ ဒဓိဝါရကံ။
ဣဒံ ဗြာဟ္မဏ မေ အတ္ထိ၊ဧတံ ဘုတွာ ဝနေ ဝသ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ပုဏ္ဏားသည်ရှိစေဦး၊ စောသေး၏နောက်မှသိရအံ့ဟုဆို၍မျောက်၏အထံသို့သွား၏။ မျောက်သည်လည်းအဘယ်အကျိုးငှာ ရပ်လာသနည်းဟုမေးသည်ရှိသော်၊ ထိုရှေးအတူသာလျှင်ဆို၏။ မျောက်သည် ကောင်းပြီ လှူအံ့ဟုသိကြားမင်းနှင့်တကွပြောလိုရကား။ ။
(၅၇၀)အမ္ဗ-ပက္ကံ ဒကံ သီတံ၊သီတ-စ္ဆာယာ မနော-ရမာ။
ဣဒံ ဗြာဟ္မဏ မေ အတ္ထိ၊ဧတံ ဘုတွာ ဝနေ ဝသ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ပုဏ္ဏားသည်ရှိစေဦး၊ စောသေး၏၊နောက်မှသိရအံ့ဟုဆို၍ ယုန်ပညာရှိအထံသို့သွား၏။ ယုန်သည်လည်း အဘယ်အကျိုးငှာ ရပ်လာသနည်းဟု မေးသည်ရှိသော်၊ ထိုရှေးအတူသာလျှင်ဆို၏။ ထိုစကားကို ကြား၍ဘုရားလောင်းသည် ဝမ်းမြောက်ခြင်းသို့ရောက်သည်ဖြစ်၍ ပုဏ္ဏားအား အာဟာရအကျိုးငှာ ငါ့အထံသို့လာသော သင်သည်ကောင်းသည်ကိုပြုအပ်၏။ ယနေ့ငါသည်မလှူဖူးသောအလှူကိုလှူအံ့။ သင်သည်ကားသီလရှိ၏၊ ပါဏာတိပါတ်ကိုမပြုလတ္တံ့။ ပုဏ္ဏား၊ သွားချေ၊ အထူးထူးသော ထင်းတို့ကိုစု၍မီးကျီးပြု၍ငါ့အားကြားလော့။ ငါသည်ကိုယ်ကိုစွန့်၍မီးကျီးစု၌ဆင်းအံ့။ ငါ၏ကိုယ်သည်ကျက်လတ်သော် သင်သည်အသားကိုစား၍ရဟန်းတရားကိုကျင့်လော့ဟု သိကြားနှင့်တကွပြောလိုရကား။ ။
(၅၇၁)န သသဿ တိလာ အတ္ထိ၊န မုဂ္ဂါ နပိ တဏ္ဍုလာ။
ဣမိနာ အဂ္ဂိနာ ပက္ကံ၊မမံ ဘုတွာ ဝနေ ဝသ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၅၇၁)ဗြာဟ္မဏ၊ ပုဏ္ဏား။ သသဿ၊ ယုန်အား။ တိလာ၊ နှမ်းတို့သည်။ နအတ္ထိ၊ မရှိကုန်။ မုဂ္ဂါ၊ ပဲနောက်တို့သည်။ နအတ္ထိ၊ မရှိကုန်။ တဏ္ဍုလာပိ၊ ဆန်တို့သည်လည်း။ နအတ္ထိ၊ မရှိကုန်။ ဣမိနာအဂ္ဂိနာ၊ မီးထည့်လေဟုငါဆိုအပ်သောဤသည်မီးဖြင့်။ ပက္ကံ၊ ကျက်သော။ မမံ၊ ငါ့ကို။ တနည်းကား။ မမံ၊ ငါ၏။ မံသံ၊ အသားကို။ ဘုတွာ၊ အလိုအလျောက်ပရဘုတ်၍။ ဝနေ၊ ဤတော၌။ ဝသ၊ ရဟန်းတရားကိုကျင့်သုံး၍နေလော့။ ။
အဒုဿ,ဆိုလိုလျက် အ,ကျေသည်၊ ထို့ကြောင့်၊ဒုဿာတိအဒုဿ,ဟု၊အဋ္ဌကထာဖွင့်သောဝ်။ အမ္ဗပက္ကံဥဒကံ,ဖြတ်။ တနည်း၊ဒကံ,သည်ပင်လျှင်ရေဟောမှတ်။ ။ အာပေါ ပယော ဇလံ ဝါရိ၊ ပါနီယံ သလိလံ ဒကံ၊ အဏ္ဏောနီရံ ဝနံ ဝါလံ၊ တောယံ အမ္ဗု ဒကဉ္စ ကံ။ ။ (အဘိဓာန်)။ ။ ရေဟောပရိယာယ်)။ ။ ယုန်မင်းဆိုသောကာလမီးမရှိသေးငြားသော်လည်းမီးပြုလေဟုယုန်မင်း ဆိုအပ်သောမီးကိုပင်လျှင် မျက်မှောက်ပစ္စက္ခကဲ့သို့ မိမိဉာဏ်၌မြင်ရကား၊ ဣမိနာအဂ္ဂိနာ,ဟုဆိုသတည်း။ ထို့ကြောင့်၊ ယေနာဟံအဂ္ဂိံကရော ဟီတိဝဒါမိဣမိနာအဂ္ဂိနာ,ဟု၊အဋ္ဌကထာမိန့်သောဝ်)။ ။
သသပဏ္ဍိတဇာတကံ ဆဋ္ဌံ။၃၁၆။