နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဝိဗ္ဘန္တစိတ္တော, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသတ္တုဘသ္တဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံး နေတော်မူစဉ်၊ ပညာပါရမီကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
တစ်ယောက်သောပုဏ္ဏားသည် နှလုံးမသာယာခြင်းသို့ ရောက်သည်ဖြစ်၍ငို၏။ ဤပုဏ္ဏား၏ကိုယ်တွင်း၌မျက်ရည်ကို ဖြစ်စေခြင်းငှါ စွမ်းနိုင်သောစိုးရိမ်ခြင်းသည် ဖြစ်ရာ၏။ ကြေးနီ၏အညစ်အကြေးကို ချဉ်ဖြင့်ပယ်သကဲ့သို့၎င်း၊ ပဒုမာရွက်မှရေပေါက်ကို လျှောကျစေဘိသကဲ့သို့၎င်း၊ ထို့အတူသောကကိုနစ်စေ၍သောကမရှိနှစ်သက်သောစိတ်ရှိသည်ကိုပြု၍တရားဟောအံ့ဟုပုဏ္ဏားကိုခေါ်၍၊ ပုဏ္ဏား၊ သေနကပညာရှိသည် ငါပင်တည်း၊ ယခုလျှင်သင့်ကိုစိုးရိမ်ခြင်းမရှိသည်ကိုပြုအံ့၊ ရွံရှာခြင်းကင်းသည် ဖြစ်၍ဆိုလော့ဟုပုဏ္ဏားနှင့်တကွစကားပြောလိုရကား။ ။
(၁ဝ၃၅)ဝိဗ္ဘန္တစိတ္တော ကုပိတိန္ဒြိယောသိ၊နေတ္တေဟိ တေ ဝါရိဂဏာ သဝန္တိ။
ကိံ တေ နဋ္ဌံ ကိံ ပန ပတ္ထယာနော၊ဣဓါဂမာ ဗြဟ္မေ တဒိင်္ဃ ဗြူဟိ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုအခါ ဘုရားလောင်းအား မိမိ၏စိုးရိမ်ခြင်း၏ အကြောင်းကိုဆိုလိုသည်ဖြစ်၍ပုဏ္ဏားသည်။ ။
(၁၀၃၆)မိယျေထ ဘရိယာ ဝဇတော မမဇ္ဇ၊အဂစ္ဆတော မရဏမာဟ ယက္ခော။
ဧတေန ဒုက္ခေန ပဝေဓိတောသ္မိ၊အက္ခာဟိ မေ သေနက ဧတမတ္ထံ။ ။
ဟူသောဒုတိယဂါထာကိုဆို၏။ ။
ဘုရားလောင်းသည် ပုဏ္ဏား၏စကားကိုကြား၍ သမုဒြာ၏ အထက်၌ကွန်ကိုဖြန့်သကဲ့သို့ ဉာဏ်ကွန်ရက်ကိုဖြန့်၍ ဤသတ္တဝါတို့အား သေခြင်း၏အကြောင်းတို့သည်များကုန်၏။ ဤသို့များစွာကုန်သော သေခြင်းတို့တွင် အဘယ်အကြောင်းကြောင့် ယနေ့ ဤပုဏ္ဏားသည် ခရီးအကြား၌ နေသည်ရှိသော် မိမိသေလတ္တံ့နည်း။ အိမ်သို့သွားသည်ရှိသော် မယားသေရအံ့နည်းဟုကြံ၏။ ကြံစည်လျှင် ပုဏ္ဏား၏ ပခုံး၌အိတ်ကိုမြင်၍ ဤအိတ်၌တစ်ခုသော မြွေသည်ဝင်သည်ဖြစ်ရာ၏။ ဝင်သောအကြောင်းကား၊ ပုဏ္ဏားသည်အိတ်၌ နံနက်စာစားသောအခါ၌မုံ့ကိုစား၍ အိတ်ဝကိုမဖွဲ့မူ၍ ရေသောက်အံ့သောငှါသွားသည်ရှိသော် မုံ့နံ့ကြောင့် မြွေသည်ဝင်သည်ဖြစ်လတ္တံ့။ ပုဏ္ဏားသည်လည်း ရေသောက်၍လာလတ်သော် မြွေဝင်သည်၏ အဖြစ်ကိုမသိ၍လျှင် အိတ်ကိုဖွဲ့၍ ယူ၍သွားသည်ဖြစ်လတ္တံ့။ မိမိသည် ခရီးအကြား၌ နေလတ်သော်နေရာအရပ်၌ မုံ့ကိုစားအံ့ဟု အိတ်ကိုဖြေ၍လက်ကိုသွင်းလတ္တံ့။ ထိုအခါပုဏ္ဏားကိုမြွေသည်လက်၌ကိုက်၍ အသက်ကုန်ခြင်းသို့ ရောက်စေလတ္တံ့။ ဤအကြောင်းသည်ကား ခရီးအကြား၌နေသော ပုဏ္ဏားသေခြင်း၏ အကြောင်းတည်း။ အိမ်သို့အကယ်၍သွားငြားအံ့။ အိတ်သည်မယားလက်သို့ရောက်လတ္တံ့။ မယားသည်အိတ်တွင်း၌ဥစ္စာကိုကြည့်အံ့ဟု အိတ်ကိုဖြေ၍ လက်ကိုသွင်းလတ္တံ့။ ထိုအခါပုဏ္ဏေးမကို မြွေသည်အသက်ကုန်ခြင်းသို့ ရောက်စေလတ္တံ့။ ဤအကြောင်းသည်ကား ယနေ့ပုဏ္ဏားအိမ်သို့ ရောက်သည်ရှိသော်မယားသေခြင်း၏အကြောင်းတည်းဟုဥပါယ်၌ လိမ္မာသောဉာဏ်ဖြင့်လျှင်သိ၏။ ထိုအခါဘုရားလောင်းအား ဤမြွေဟောက်သည် ရဲရင့်သည်ကြောက်ခြင်းမရှိသည်ဖြစ်ရာ၏။ ဤမြွေသည် ပုဏ္ဏား၏နံပါးကြီးကို ထိခိုက်သောအိတ်၌လည်းမိမိ၏စဉ်းငယ်လှုပ်ခြင်းကို၎င်းမပြ။ ဤသို့သဘောရှိသောပရိသတ်၏ အလယ်၌သော်လည်း မိမိရှိသည်၏အဖြစ်ကိုမပြ။ ထိုကြောင့် ဤမြွေသည်ရဲရင့်သည်ကြောက်ခြင်းမရှိသည်ဖြစ်ရာ၏ဟုအကြံသည်ဖြစ်၏။ ကြံပြီး၍ ဘုရားလောင်းသည် ဥပါယ်၌ လိမ္မာသောဉာဏ်ဖြင့်လျှင် ဒိဗ္ဗစက္ခုဖြင့် မြင်သကဲ့သို့ ဤမြွေကိုသိ၏။ ဤသို့မင်းနှင့်တကွသော ပရိသတ်၏ အလယ်၌ အိတ်ကိုဝင်သောမြွေကိုကြည့်၍ တည်သောယောက်ျားကဲ့သို့ ဘုရားလောင်းသည်ဥပါယ်၌လိမ္မာသော ဉာဏ်ဖြင့်လျှင်ပိုင်းခြား၍ပုဏ္ဏား၏ပြဿနာကိုဖြေလိုရကား။ ။
(၁၀၃၇)ဗဟူနိ ဌာနာနိ ဝိစိန္တယိတွာ၊ယမေတ္ထ ဝက္ခာမိ တဒေဝ သစ္စံ။
မညာမိ တေ ဗြာဟ္မဏ သတ္တုဘသ္တံ၊အဇာနတော ကဏှသပ္ပေါ ပဝိဋ္ဌော။ ။
ဟူသောတတိယဂါထာကိုဆို၏။ ။
(၁၀၃၇)ဗြာဟ္မဏ၊ ပုဏ္ဏား။ ဗဟူနိ၊ များစွာကုန်သော။ ဌာနာနိ၊ အကြောင်းတို့ကို။ ဝိစိန္တယိတွာ၊ ကြံ၍။ ဧတ္ထ၊ ဤအကြောင်းတို့တွင်။ ယံ၊ အကြင်အကြောင်းကို။ အဟံ၊ ငါသည်။ ဝက္ခာမိ၊ ဆိုအံ့။ တဒေဝ၊ ထိုငါဆိုသောအကြောင်းသည်လျှင်။ သစ္စံ၊ မှန်၏ဟူ၍။ မညာမိ၊ အောက်မေ့၏။ တေ၊ သင်သည်။ အဇာနတော၊ မသိစဉ်။ သတ္တုဘသ္တံ၊ မုံ့အိတ်ကို။ ကဏှသပ္ပေါ၊ မြွေဟောက်သည်။ ပဝိဋ္ဌော၊ ဝင်၏ဟူ၍။ မညာမိ၊ အောက်မေ့၏။ ။
ဤသို့ဆို၍လည်း ပုဏ္ဏားသင့်အိတ်၌မုံ့ရှိသလောဟုမေး၏။ ပညာရှိ၊ ရှိပေ၏ဟုဆို၏။ ယနေ့နံနက်စာစားသောအခါ၌မုံ့ကို စားသလောဟုမေး၏။ ပညာရှိ၊ စား၏ဟုဆို၏။ အဘယ်အရပ်၌နေ၍စားသနည်းဟုမေး၏။ ပညာရှိ၊ တော၌သစ်ပင်ရင်း၌နေ၍စား၏ဟုဆို၏။ ပုဏ္ဏား၊ သင်ရေသောက် သွားသည်ရှိသော်အိတ်ဝကိုဖွဲ့သလောမဘွဲ့သလောဟုမေး၏။ ပညာရှိ၊ မဘွဲ့ဟုဆို၏။ ရေသောက်၍ လာလတ်သော် အိတ်ကိုကြည့်၍ဘွဲ့၏လောဟုမေး၏။ ပညာရှိ၊ မကြည့်မူ၍ဖွဲ့၏ဟုဆို၏။ ပုဏ္ဏား၊ သင်ရေသောက်သွားသောကာလ၌ သင်မသိစဉ်လျှင် မုံ့နံ့နံခြင်းကြောင့်အိတ်သို့မြွေဝင်၍နေ သည်ဟုငါထင်၏။ ဤအရာ၌ထိုထင်ခြင်းသည်ကားမှန်၏။ ထိုကြောင့် အိတ်ကိုချ၍ပရိသတ်တို့၏ အလယ်၌ထား၍ အိတ်ဝကိုဖြေ၍ဘဲ၍တည်လျက် တစ်ခုသောလှံဒဏ်ကိုကိုင်၍ အိတ်ကိုပုတ်ခတ်လော့။ ထိုနောင်မှ ပါးပျဉ်းထောင်၍သုသုဟူသောအသံကိုပြု၍ထွက်သော မြွေဟောက်ကို မြင်၍ယုံမှားကင်းသည်ဖြစ်လော့ဟု။ ။
(၁၀၃၈)အာဒါယ ဒဏ္ဍံ ပရိသုမ္ဘ ဘသ္တံ၊ပဿေဠမူဂံ ဥရဂံ ဒုဇိဝှံ။
ဆိန္ဒဇ္ဇ ကင်္ခံ ဝိစိကိစ္ဆိတာနိ၊ဘုဇင်္ဂမံ ပဿ ပမုဉ္စ ဘသ္တံ။ ။
ဟူသောစတုတ္ထဂါထာကိုဆို၏။ ။
ပုဏ္ဏားသည်ဘုရားလောင်း၏ စကားကိုကြား၍ ထိတ်လန့်ခြင်းသို့ ရောက်၍ ဘုရားလောင်းဆိုတိုင်းပြု၏။ မြွေသည်လည်းအိတ်ဝကို လှံဒဏ်ဖြင့်ခတ်သည်ရှိသော် အိတ်ဝမှထွက်၍လူများကို ကြည့်လျက်တည်၏။ ထိုအကြောင်းကိုပြတော်မူလိုသော သဗ္ဗညုမြတ်စွာဘုရားသည်။ ။
(၁၀၃၉)သံဝိဂ္ဂရူပေါ ပရိသာယ မဇ္ဈေ၊သော ဗြာဟ္မဏော သတ္တုဘသ္တံ ပမုဉ္စိ။
အထ နိက္ခမိ ဥရဂေါ ဥဂ္ဂတေဇော၊အာသီဝိသော သပ္ပေါ ဖဏံ ကရိတွာ။ ။
ဟူသောပဉ္စမဂါထာကိုဟောတော်မူ၏။ ။
(၁၀၃၉)ဘိက္ခဝေ၊ ရဟန်းတို့။ သံဝိဂ္ဂရူပေါ၊ ထိတ်လန့်သောသဘောရှိသော။ သောဗြာဟ္မဏော၊ ထိုပုဏ္ဏားသည်။ ပရိသာယမဇ္ဈေ၊ ပရိသတ်၏အလယ်၌။ သတ္တုဘသ္တံ၊ မုံ့အိတ်ကို။ ပမုဉ္စိ၊ ဖြေ၏။ အထ၊ ထိုအခါ၌။ ဥရဂေါ၊ ရင်ဖြင့်သွားတတ်သော။ ဥဂ္ဂတေဇော၊ ထက်သောတန်းခိုးရှိသော။ အာသီဝိသော၊ လျင်သောအဆိပ်ရှိသော။ သပ္ပေါ၊ မြွေသည်။ ဖဏံ၊ ပါးပျဉ်းကို။ ကရိတွာ၊ ထောင်၍။ နိက္ခမိ၊ ထွက်၏။ ။
ပါးပျဉ်းကိုထောင်၍မြွေထွက်သောကာလ၌ ဘုရားလောင်း၏ဖြေခြင်းသည် သဗ္ဗညုမြတ်စွာဘုရား၏ ဖြေခြင်းကဲ့သို့ဖြစ်၏ဟု ဘုရားလောင်းအားလူများသည်ပုဆိုးဦးရစ်ပစ်ခြင်း အထောင်တို့ကိုဖြစ်စေ၏။ လက်ချောင်းခါခြင်း အထောင်တို့ကိုလည်း ခါကုန်၏။ တစ်ခဲနက်သော မိုဃ်းသည်ရွာသကဲ့သို့ ရတနာခုနှစ်ပါးမိုဃ်းသည်ရွာ၏။ ကောင်းချီးပေးခြင်း အထောင်တို့သည်ဖြစ်ကုန်၏။ မြေကြီးကွဲသောအသံကဲ့သို့ဖြစ်၏။ ဘုရားကဲ့သို့သော တင့်တယ်ခြင်းဖြင့် ဤပြဿနာကို ဖြေခြင်းမည်သည်ကား အမျိုး၏အစွမ်းလည် မဟုတ်။ အနွယ်အဆက်ဆက်၏အစွမ်းလည်းမဟုတ်။ ဤပြဿနာကိုဖြေခြင်းသည် အဘယ်၏ အစွမ်းနည်းဟူမူကား။ ပညာ၏အစွမ်းတည်း။ ပညာရှိသောယောက်ျားသည်ဝိပဿနာကိုပွါးစေ၍အရိယမဂ်တံခါးကိုဖွင့်၍အမြိုက်နိဗ္ဗာန်သို့ဝင်၏။ သာဝကပါရမီဉာဏ်,ပစ္စေကဗောဓိဉာဏ်,သမ္မာသမ္ဗောဓိဉာဏ်ကိုထိုးထွင်း၍ သိ၏။ အမြိုက်နိဗ္ဗာန်သို့ရောက်စေတတ်ကုန်သော တရားတို့တွင် ပညာသည်လျှင်မြတ်၏။ ကြွင်းကုန်သောတရားတို့သည်ပညာ၏အခြံအရံတို့သည်လျှင်ဖြစ်ကုန်၏။ ။
ထို့ကြောင့်။ ။
ပညာ ဟိသေဋ္ဌာ ကုသလာ ဝဒန္တိ၊နက္ခတ္တရာဇာရိဝ တာရကာနံ။
သီလံသိရိဉ္စာပိသတဉ္စဓမ္မော၊အနွာယိကာ ပညာဝ တေ ပဓာဝန္တိ။ ။
ဟူသောဂါထာကိုဟောတော်မူ၏။ ။
ဤသို့ဘုရားလောင်းသည် ပြဿနာတို့ကိုဖြေသည်ရှိသော် တစ်ယောက်သောအလမ္ပာယ်သည်မြွေ၏ခံတွင်းကိုဖွဲ့ခြင်းကိုပြု၍မြွေကိုယူ၍ တော၌လွှတ်၏။ ပုဏ္ဏားသည် မင်းသို့ကပ်၍အောင်စေသတည်းဟု လက်အုပ်ချီ၍မင်းအားချီးမွမ်းခြင်းကိုပြုလိုရကား။ ။
(၁၀၄၀)သုလဒ္ဓလာဘာ ဇနကဿ ရညော၊ယော ပဿတီ သေနကံ သာဓုပညံ။
ဟူသောဥပဍ္ဎဂါထာကိုဆို၏။ ။
ပုဏ္ဏားသည် မင်းအားချီးမွမ်းပြီး၍ အိမ်မှအသပြာခုနှစ်ရာတို့ကိုယူ၍ ဘုရားလောင်းအား ချီးမွမ်း၍နှစ်သက်သောပေးကမ်းခြင်းကို ပေးလိုရကား။ ။
(၁၀၄၁)ဝိဝဋ္ဋဆဒ္ဒေါ နုသိ သဗ္ဗဒဿီ၊ဉာဏံ နု တေ ဗြာဟ္မဏ ဘိံသရူပံ။
ဣမာနိ မေ သတ္တသတာနိ အတ္ထိ၊ဂဏှာဟိ သဗ္ဗာနိ ဒဒါမိ တုယှံ။
တယာ ဟိ မေ ဇီဝိတမဇ္ဇ လဒ္ဓံ၊အထောပိ ဘရိယာယ မကာသိ သောတ္ထိံ။ ။
ဟူသောအခွဲနှင့်တကွသောနှစ်ဂါထာကိုဆို၏။ ။
ပုဏ္ဏားသည်ဤသို့ဆို၍ ကျွန်ုပ်သည်တဘန်အလှူခံပြန်ငြားအံ့၊ ဤမျှသောဥစ္စာသည် ကျွန်ုပ်အားဖြစ်ရာ၏။ ကျွန်ုပ်သည်ဤဥစ္စာကို ပေးရာသလျှင်ကတည်း။ ကျွန်ုပ်၏ဤခုနှစ်ရာသောဥစ္စာတို့ကိုယူပါလော့ဟု အဘန်တလဲလဲဘုရားလောင်းကိုတောင်းပန်၏။ ။
ထိုစကားကိုကြား၍ဘုရားလောင်းသည်။ ။
(၁၀၄၂)န ပဏ္ဍိတာ ဝေတနမာဒိယန္တိ၊စိတြာဟိ ဂါထာဟိ သုဘာသိတာဟိ။
ဣတောပိ တေ ဗြဟ္မေ ဒဒန္တု ဝိတ္တံ၊အာဒါယ တွံ ဂစ္ဆ သကံ နိကေတံ။ ။
ဟူသောဆဋ္ဌဂါထာကိုဆို၏။ ။
(၁၀၄၂)ဗြဟ္မေ၊ ပုဏ္ဏား။ စိတြာဟိ၊ ဆန်းကြယ်ကုန်သော။ သုဘာသိတာဟိ၊ ကောင်းစွာဆိုအပ်ကုန်သော။ ကထာဟိ၊ စကားတို့ဖြင့်။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ဝေတနံ၊ အခကို။ နအာဒိယန္တိ၊ မယူကုန်။ ဗြဟ္မေ၊ ပုဏ္ဏား။ တေ၊ သင့်အား။ ဣတော၊ ဤငါ၏ခြေရင်းမှလည်း။ ဝိတ္တိံ၊ သုံးရာသောဥစ္စာကို။ ဒဒန္တု၊ ပေးစေကုန်သတည်း။ တွံ၊ သင်သည်။ အာဒါယ၊ ယူ၍။ သကံနိကေတံ၊ မိမိအိမ်သို့။ ဂစ္ဆ၊ သွားလော့။ ။
ဤသို့ဆို၍ဘုရားလောင်းသည် ပုဏ္ဏာအားတစ်ထောင်ကိုပြည့်စေ၍အသပြာတို့ကိုပေး၍။ ပုဏ္ဏား၊ အဘယ်သူသည် သင့်ကိုဥစ္စာရှာစေအပ်သနည်းဟုမေး၏။ ပညာရှိ၊ မယားသည်ရှာစေအပ်၏ဟုဆို၏။ သင်၏မယားသည်ကား အသက်ကြီးသလော၊ ငယ်သလောဟုမေး၏။ ပညာရှိ၊ ငယ်၏ဟုဆို၏။ ထိုသို့တပြီးကား။ ထိုပုဏ္ဏေးမငယ်သည်တစ်ပါးသောသူနှင့် လွန်ကျူးခြင်းကိုပြုသည်ရှိသော် ကြောက်ခြင်းမရှိသဖြင့်ပြုအံ့ဟုကြံ၍ သင့်ကိုစေ၏။ ဤအသပြာတို့ကိုအိမ်သို့အကယ်၍ဆောင်အံ့၊ ထိုပုဏ္ဏေးမငယ်သည် သင်သည်ဆင်းရဲသဖြင့် ရအပ်သော အသပြာတို့ကို မိမိသယောက်လင်အားပေးလတ္တံ့။ ထိုကြောင့်ထိုဥစ္စာကို ဖြောင့်စွာအိမ်သို့မယူမူ၍ ရွာပဝယ်သစ်ပင်ရင်း၌၎င်း၊ အမှတ်မရှိတစ်ခုခုသောအရပ်၌၎င်း အသပြာတို့ကိုထား၍ဝင်လေလော့ဟုဆို၍ ပုဏ္ဏားကိုလွှတ်လိုက်၏။ ပုဏ္ဏားသည် ရွာ၏အနီးသို့ရောက်၍တစ်ခုသောသစ်ပင်ရင်း၌အသပြာတို့ကိုထား၍ ညအခါ၌အိမ်သို့သွား၏။ ပုဏ္ဏား၏မယားသည်လည်း ထိုခဏ၌သယောက်လင်နှင့်တကွနေ၏။ ပုဏ္ဏားသည်တံခါး၌ရပ်၍အိုရှင်မဟုခေါ်၏။ ပုဏ္ဏေးမငယ်သည် ပုဏ္ဏားအသံကိုမှတ်၍ဆီမီးတိုင်ကိုငြိမ်းစေ၍ တံခါးကိုဖွင့်၍ ပုဏ္ဏားအိမ်တွင်းသို့ဝင်သည်ရှိသော် သယောက်လင်ကို ထုတ်လျက်တံခါးရင်း၌ထား၍ အိမ်သို့ဝင်၍အိတ်၌တစ်စုံတစ်ခုမမြင်၍။ ပုဏ္ဏား၊ သင်အလှူခံ၍အဘယ်မျှသော ဥစ္စာကိုရခဲ့သနည်းဟုမေး၏။ ရှင်မ၊ ငါသည် တစ်ထောင်သောဥစ္စာကိုရခဲ့၏ဟုဆို၏ ထိုဥစ္စာသည်အဘယ်မှာနည်းဟုမေးလတ်သော်၊ဤမည်သောအရပ်၌ထားခဲ့၏။ ထိုဥစ္စာကိုနက်ဖြန်နံနက်လျှင် ဆောင်ချေအံ့။ မကြောင့်ကြလင့်ဟုဆို၏။ ပုဏ္ဏေးမငယ်သည်သွား၍ သယောက်လင်အား ကြား၏။ ထိုသယောက်လင်သည်ထွက်၍ မိမိထားသောဥစ္စာကဲ့သို့ယူ၏။ ပုဏ္ဏားသည်နက်ဖြန်နေ့၌သွား၍အသပြာတို့ကိုမမြင်သည်ရှိသော် ဘုရားလောင်းအထံသို့သွား၍၊ ပုဏ္ဏား၊ အဘယ်နည်းဟုမေးသည်ရှိသော်၊ ပညာရှိ၊ အသပြာတို့ကိုမမြင်ဟုဆို၏။ သင်သည် မယားအားကြားသလောဟုမေး၏။ ပညာရှိ၊ ကြား၏ဟုဆိုသည်ရှိသော်၊ ဘုရားလောင်းသည် သယောက်လင်အား ကြားသော အဖြစ်ကိုသိ၍။ ပုဏ္ဏား၊ သင့်မယားအားဆရာပုဏ္ဏားသည်ရှိသလောဟုမေး၏။ ပညာရှိ၊ ရှိ၏ဟုဆို၏။ သင်အားလည်းရှိသလောဟုမေး၏။ ပညာရှိ၊ ရှိ၏ဟုဆို၏။ ထိုအခါပုဏ္ဏားအားဘုရားလောင်းသည် ခုနှစ်ရက်ဖို့ရိက္ခာကိုပေး၍ သွားလော့၊ ရှေးဦးစွာသောနေ့၌သင်၏ ဆရာပုဏ္ဏားတစ်ယောက်၊ သင့်မယား၏ ဆရာပုဏ္ဏားတစ်ယောက်၊ ဤနှစ်ယောက်တို့ကိုဖိတ်၍သင့်မယားသည် ခုနှစ်ရက်ပတ်လုံးဖိတ်အပ်သောပုဏ္ဏား၏ မပြတ်လာသည်၏အဖြစ်ကိုသိ၍ ငါ့အားကြားလော့ဟုဆို၏။ ထိုပုဏ္ဏားသည် ဘုရားလောင်းဆိုတိုင်းပြု၍၊ ပညာရှိ၊ အကျွန်ုပ်သည် မပြတ်လာ၍စားသော ပုဏ္ဏားကိုမှတ်အပ်၏ဟု ဘုရားလောင်းအားကြား၏။ ဘုရားလောင်းသည် ထိုပုဏ္ဏားနှင့်တကွမင်းချင်းတို့ကိုစေ၍ ထိုပုဏ္ဏားကိုဆောင်စေ၍ ဤမည်သော သစ်ပင်ရင်းမှ သင်သည်ဤမည်သောပုဏ္ဏား၏ဥစ္စာဖြစ်သောအသပြာတစ်ထောင်ကို ယူသလောဟုမေး၏။ ပညာရှိ၊ မယူဟုဆို၏။ သင်သည်သေနကအားပညာရှိသည်၏အဖြစ်ကိုမသိသလော။ ထိုအသပြာကိုဆောင်စေအံ့ဟုဆို၏။ ထိုပုဏ္ဏားသည် ကြောက်သည်ဖြစ်၍ အကျွန်ုပ်သည်ယူအပ်၏ဟု ဝန်ခံ၏။ သင်သည်အဘယ်မှာ ထားသနည်းဟုမေး၏။ ပညာရှိ၊ ထိုအရပ်၌လျှင် ထားအပ်၏ဟုဆို၏။ ဘုရားလောင်းသည် ပုဏ္ဏားကြီးကို။ ပုဏ္ဏားကြီး၊ ထိုပုဏ္ဏေးမကိုပင်လျှင်မယားဖြစ်စေလိုသလော။ ထိုသို့မဟုတ်မူကား တစ်ပါးမိန်းမကိုယူလိုသလောဟုမေး၏။ ပညာရှိ၊ ထိုပုဏ္ဏေးမငယ်သည်ပင်လျှင် အကျွန်ုပ်၏မယားဖြစ်စေလို၏ဟုဆို၏။ ဘုရားလောင်းသည် လူတို့ကိုစေ၍ ပုဏ္ဏား၏အသပြာတို့ကို၎င်း။ ပုဏ္ဏေးမငယ်ကို၎င်းဆောင်စေ၍ ခိုးသူပုဏ္ဏား၏လက်မှ အသပြာတို့ကို ပုဏ္ဏားကြီးအားပေးစေ၍ ခိုးသူ ပုဏ္ဏားအား မင်းဒဏ်ကိုပြုစေ၍မြို့ကိုစည်လည်စေ၍ပုဏ္ဏေးမအားလည်း မင်းအာဏာကိုပြုစေ၍ ပုဏ္ဏားအားကြီးစွာသော စည်းစိမ်အခြံအရံကို ပေး၍မိမိအထံ၌လျှင်နေစေ၏။ ။
(သတ္တုဟုမုံ့ဟောသဒ္ဒါပဌမက္ခရာနှင့်လိုသည်။ ဘသ္တကားသားရေအိတ်ဟော။ ဘသဓါတ်။ တပစ္စည်း။ တြဏ်ပစ္စည်းသက်မူဘသ္တြာဟူ၍လည်းရှိ၏။ ။
ဘသ္တာစမ္ပပသိဗ္ဗကံ။ (အဘိဓာန်)။ ဝိဝဋ္ဋံပရိဝဋ္ဋံကိလေသမယံဆဒံဆာဒနံ ယဿသောဝိဝဋ္ဋဆဒေါ၊ဋီကာမြင်၍ ပဌမအနက်ယောဇနာသည်။ တိပိဓဝဋ္ဋဉ္စသတ္တဝိဓဆဒဉ္စဝိဝဋ္ဋဆဒံဝိဝရိတံဝဋ္ဋဆဒံယဿသောတိဝိဝဋ္ဋဆဒေါဟူသော အဋ္ဌကထာပြအနက်ကို တွေ့၍ဒုတိယအတ္ထကိုယောဇနာသည်။ ကမ္မကိလေသဝိပါကကားသုံးပါးသောဝဋ်တည်း။ ရာဂ, ဒေါသ, မောဟ, မာန,ဒိဋ္ဌိ, အဝိဇ္ဇာ, ဒုစ္စရိတကား ခုနှစ်ပါးသောအမိုးအကာအဖုံးအပိတ်တည်း။ ဝိဝဋ္ဋဆဒေါဆိုအပ်လျက် နိရုတ္တိနည်းအားဖြင့်ဩကိုအာပြုသည်။ ။
ဩကာရောအာကာရံဥကာရဉ္စ။ ။ ဝိဝဋ္ဋဆဒါအါရောဂျံ။ ။ (သဒ္ဒနီတိ)။ ။ ဆအစိတ်ကိုကား ဆန်းအလို့ငှါဒီဃပြု၍ဆာဒါနေသည်။ ဝေတနန္တိဝေတ္တနံ၊ အယမေဝဝါပါဌော။ (အဋ္ဌကထာ)။ ဝေတ္တန,ဝေတ္တန,ပရိယာယ်ပြသည်)။ ။
သတ္တုဘသ္တဇာတကံသတ္တမံ။၄၀၂။