နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဝိဒိတံထုသံ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤထုသဇာတ်ကို၊ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေ တော်မူစဉ်၊ အဇာတသတ်မင်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုမင်း၏သားသည်တစ်ဆယ့်ခြောက်နှစ်ရှိသောကာလ၌ဥယျာဉ်ကစားခြင်းအစရှိသည်တို့၏ အကျိုးငှါထွက်သွားသောမင်း၏ အသရေစည်းစိမ်ကိုမြင်၍ အဘကိုသတ်၍မင်းအဖြစ်ကို ယူလိုသည်ဖြစ်၍မိမိ၏အလုပ်အကျွေးတို့အားပြောဆို၏။ ထိုအလုပ်အကျွေးတို့သည်၊ အသျှင်မင်းကြီး၊ ကောင်းပြီဆိုသောကာလ၌ ရအပ်သောစည်းစိမ်ဖြင့်အဘယ် အကျိုးရှိအံ့နည်း၊ တစ်စုံတစ်ခုသောဥပါယ်ဖြင့်မင်းကိုသတ်၍မင်းအဖြစ်ကိုယူခြင်းသည်သင့်၏ ဟုဆိုကုန်၏။ မင်းသားသည်အဆိပ်ကိုစားစေ၍သေစေအံ့ဟု အဘနှင့်တကွညစာစားစဉ်အဆိပ်ကိုကိုင်၍နေ၏။ မင်းသည်ထမင်းခွက်၌ ထမင်းကိုစားအံ့သောငှါအားမထုတ်မီလျှင်။ ။
(၆၅၆)ဝိဒိတံ ထုသံ ဥန္ဒူရာနံ၊ဝိဒိတံ ပန တဏ္ဍုလံ။
ထုသံ ထုသံ ဝိဝဇ္ဇေတွာ၊တဏ္ဍုလံ ပန ခါဒရေ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
မင်းသားသည်ခမည်းတော်မင်းကြီးသိလေပြီဟုကြောက်၍။ ထမင်းခွက်၌ အဆိပ်ကိုချအံ့သောငှါမဝံ့သည်ဖြစ်၍၊ ထ၍မင်းကိုရှိခိုး၍ ထိုအရပ်မှပြေး၏။ ထိုအကြောင်းကိုမိမိအလုပ်အကျွေးတို့အားကြား၍ ယနေ့ခမည်းတော်မင်းကြီး သိချေပြီ၊ ယခု အဘယ်သို့ သတ်ရအံ့နည်းဟုမေး၏။ ထိုအလုပ်အကျွေးတို့သည် ထိုအခါမှစ၍ ဥယျာဉ်၌ ပုန်းကွယ်ကုန်၍ နားရင်း၌ပြောဆိုသည်၏အစွမ်းအားဖြင့် တိုင်ပင်ကုန်လျက် တစ်ခုသောအကြောင်းသည်ရှိ၏။ သန်လျက်ကို ဘွဲ့၍ ကြီးစွာသော ခစားခြင်းသို့ရောက်သောကာလ၌ အမတ်တို့၏အတွင်း၌နေ၍ မင်း၏မေ့လျော့သော အဖြစ်ကိုသိ၍သန်လျက်ဖြင့်သတ်ခြင်းငှါသင့်၏ဟုမှတ်စေကုန်၏။ မင်းသားသည် ကောင်းပြီဆို၍ ကြီးစွာခစားသောကာလ၌ဘွဲ့အပ်သောသန်လျက်ရှိသည်ဖြစ်၍ သွား၍ ထိုမှဤမှလှည့်လည်လျက်သတ်ခွင့်ကိုစုံစမ်း၏။ ထိုခဏ၌မင်းသည်။ ။
(၆၅၇)ယာ မန္တနာ အရညသ္မိံ၊ယာ စ ဂါမေ နိကဏ္ဏိကာ။
ယဉ္စေတံ ဣတိ စီတိ စ၊ဧတံပိ ဝိဒိတံ မယာ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
မင်းသားသည် ခမည်းတော်မင်းကား ငါ၏ရန်သူအဖြစ်ကိုသိ၏ဟု ထိုအရပ်မှပြေး၍အလုပ်အကျွေးတို့အားကြား၏။ အလုပ်အကျွေးတို့သည် ခုနှစ်ရက်ရှစ်ရက် လွန်လတ်သော်၊ အသျှင်မင်းသား၊ ခမည်းတော်သည် အသျှင်မင်းသား၏ ရန်သူအဖြစ်ကိုမသိ။ ကြံခြင်းမျှဖြင့် အသျှင်မင်းသားသည်ဤသို့အမှတ်ရှိ၏။ ခမည်းတော်ကိုသတ်လော့ဟု ဆိုကုန်၏။ မင်းသားသည်တစ်နေ့သ၌ သန်လျက်ကိုကိုင်ယူ၍ စောင်းတန်းဦးတိုက်၌ ရပ်၏။ မင်းသည်စောင်းတန်းဦး၌ရပ်လျက်။ ။
(၆၅၈)ဓမ္မေန ကိရ ဇာတဿ၊ပိတာ ပုတ္တဿ မက္ကဋော။
ဒဟရဿေဝ သန္တဿ၊ဒန္တေဟိ ဖလမစ္ဆိဒါ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
မင်းသားသည်ငါ့ကိုခမည်းတော်ဖမ်းလို၏ဟုကြောက်ရကား၊ ပြေး၍ ခမည်းတော်သည် ငါ့ကိုခြိမ်းခြောက်၏ဟု-အလုပ်အကျွေးတို့အားကြား၏။ အလုပ်အကျွေးတို့သည် လခွဲလွန်လတ်သော်၊ အသျှင်မင်းသား၊ မင်းသည်အကယ်၍သိငြားအံ့။ ဤမျှလောက်သောကာလ၌ဖျက်ဆီးရာ၏။ အကြံအားဖြင့်အရှင့်သားသည်ဆိုအပ်၏။ မင်းကိုသတ်လော့ဟုဆိုကုန်၏။ မင်းသားသည်တစ်နေ့သ၌ သန်လျက်ကိုယူ၍ ပြာသာဒ်ထက်အသရေရှိသောအိပ်ရာသို့ဝင်၍လာစဉ်လျှင်၊ မင်းကိုသတ်အံ့ဟုပလ္လင်အောက်၌နေ၏။ မင်းသည် ညစာစားပြီးသော် ပရိသတ်ကိုလွှတ်လိုက်၍ အိပ်အံ့ဟု အသရေရှိသောတိုက်ခန်းသို့ဝင်လတ်သော် တံခါးခုံ၌ရပ်၍။ ။
(၆၅၉)ယမေတံ ပရိသပ္ပသိ၊အဇ-ကာဏောဝ သာသပေ။
ယောပါယံ ဟေဋ္ဌတော သေတိ၊ဧတံပိ ဝိဒိတံ မယာ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
(၆၅၉)တွံ၊ သင်သည်။ သာသပေ၊ မုန်ညင်းခင်းသို့ဝင်သောကာလ၌။ အဇ-ကာဏောဝ၊ ဆိတ်ကန်းကဲ့သို့။ ဘယေန၊ ကြောက်ခြင်းကြောင့်။ ယံဧတံပရိသပ္ပေသိ၊ အကြင်ထိုမှဤမှလှုပ်ရှား၏။ ဣဒါနိ၊ ယခုအခါ၌။ ပဌမံ၊ ရှေးဦးစွာ။ ဝိသံ၊ အဆိပ်ကို။ ဂဟေတွာ၊ ယူ၍။ အာဂမာသိ၊ လာ၏။ ဒုတိယံ၊ နှစ်ကြိမ်မြောက်၌။ ခဂ္ဂေန၊ သန်လျက်ဖြင့်။ ပဟရိတုကာမော၊ ပယ်လိုသည်ဖြစ်၍။ အာဂတော၊ လာသည်။ အသိ၊ ဖြစ်ပြီ။ တတိယံ၊ သုံးကြိမ်မြောက်၌။ ခဂ္ဂံ၊ သန်လျက်ကို။ အာဒါယ၊ ကိုင်စွဲ၍။ သောပါနမတ္ထကေ၊ စောင်းတန်းဦး၌။ အဋ္ဌာသိ၊ တည်၏။ ဣဒါနိ၊ ယခုအခါ၌။ မံ၊ ငါ့ကို။ မာရေဿာမီတိ၊ သတ်အံ့ဟူ၍။ ဟေဋ္ဌတော၊ ပလ္လင်အောက်၌။ ယောပါယံယောပိအယံ၊ အကြင်သို့သဘောရှိသောဤငယုတ်သည်။ သေတိ၊ အိပ်၏။ ဧတံပိသဗ္ဗံ၊ ဤကုန်အောင်စုံသောအမှုကိုလည်။ မယာ၊ ငါသည်။ ဝိဒိတံ၊ သိအပ်ပြီ။ ။
ဤသို့မသိသည်လျှင်ဖြစ်သောမင်း၏ ထိုဂါထာသည် မင်းသားအားထိုထိုအနက်ကိုပြ၏။
မင်းသားသည်ခမည်းတော်ငါ့ကိုသိပြီ။
ယခု ငါကိုဖျက်ဆီးလတ္တံ့ဟုကြောက်၍ ပလ္လင်အောက်မှထွက်၍ သန်လျက်ကိုမင်း၏ခြေရင်း၌ချ၍၊မြတ်သောမင်းကြီး၊ အကျွန်ုပ်အားသည်းခံပါလော့ဟုခြေရင်း၌ရင်ဖြင့်ဝပ်၏။
မင်းသည်သင်ကားငါ့အမှုကို အဘယ်သူသိအံ့နည်းဟုကြံ၏။
မင်းသားကိုခြိမ်းခြောက်၍သံခြေချင်းအနှောင်အဖွဲ့ဖြင့်ဖွဲ့စေ၍ နှောင်အိမ်သို့သွင်းစေ၍အစောင့်အရှောက်ထား၏။
ထိုအခါမင်းသည်ဘုရားလောင်း၏ ကျေးဇူးကိုမှတ်မိ၏။
နောက်အဖို့၌ထိုမင်းသည်သေလွန်၏။
မင်း၏အလောင်းကိုသင်္ဂြိုဟ်ခြင်းကိစ္စကိုပြု၍ မင်းသားကိုနှောင်အိမ်မှထုတ်၍ မင်းအဖြစ်၌တည်စေကုန်၏။
ထုသဇာတကံ အဋ္ဌမံ။၃၃၈။