နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အယံဣသိဥပသမသံယမေရတော, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကပိဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ တစ်ယောက်သောအံ့ဖွယ်သရဲကို ဖြစ်စေတတ်သောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။
လွန်လေပြီးသောအခါဗာရာဏသီပြည်၌ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော်ဘုရားလောင်းသည် ကာသိကတိုင်းဝယ်ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော်သားသည်ရှေးရှူထက်ဝန်းကျင်ပြေး၍ သွားနိုင်သောကာလ၌ ပုဏ္ဏေးမသည်သေလတ်သော် သားကိုရင်ခွင်ဖြင့်ချီ၍ဟိမဝန္တာသို့ဝင်၍ရသေ့ရဟန်းအဖြစ်အားဖြင့် ရဟန်းပြု၍ထိုသားငယ်ကိုလည်း ရသေ့ငယ်ပြု၍သစ်ရွက်မိုးသောသင်္ခမ်း၌နေခြင်းကိုပြု၏။ မိုဃ်းလအခါ အရည်မပြတ်သောမိုဃ်းသည် စွေလတ်သည်ရှိသော် မျောက်သည် အချမ်းနှိပ်စက်သည်ဖြစ်၍သွားဖြင့် သွားတို့ကိုခဲလျက် တုန်လှုပ်လျက်သွား၏။ ဘုရားလောင်းသည် ကြီးစွာကုန်သော ထင်းတုန်းတို့ကို ဆောင်၍မီးညှိ၍ညောင်စောင်း၌ လျောင်း၏။ ထိုဘုရားလောင်း၏သားငယ်သည်လည်း ထိုဘုရားလောင်း၏ခြေတို့ကို ဆုပ်နယ်လျက်နေ၏။ ထိုမျောက်သည် တစ်ပါးသောသေလေသောရသေ့၏ဥစ္စာဖြစ်ကုန်သောလျှော်တေသင်္ကန်းတို့ကိုဝတ်ရုံ၍ သစ်နက်ရေကိုပခုံးတင်၍ ထမ်းပိုးကရားကိုယူ၍ ရသေ့အသွင်ဖြင့် လာလတ်၍ သစ်ရွက်မိုးသော သင်္ခမ်းတံခါး၌ မီးဟူသောအကြောင်းကြောင့် အံ့ဘွယ်သရဲသောအမှုကိုပြု၍ရပ်၏။ ရသေ့ငယ်သည်လည်းမြင်၍၊ ဘခင်၊ ရသေ့တစ်ယောက်သည် အချမ်းနှိပ်စက်အပ်သည်ဖြစ်၍ တုန်လှုပ်လျက်ရပ်၏။ ဤမီးဖိုသို့ထိုရသေ့ကိုခေါ်ကုန်လော့၊ မီးလှုံလတ္တံ့ဟုအဘကိုတောင်းပန်လိုသည်ဖြစ်၍။ ။
(၃၅၆)အယံ ဣသိဥပသမ-သံယမေ ရတော၊သန္တိဋ္ဌတိ သိသိရ-ဘယေန အဋ္ဋိတော။
ဟန္ဒ အယံ ပဝိသတုမံ အဂါရကံ၊ဝိနေတု သီတံ ဒရထဉ္စ ကေဝလံ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ဘုရားလောင်းသည် သား၏စကားကို ကြား၍ ထ၍ ကြည့်သည်ရှိသော်မျောက်၏အဖြစ်ကိုသိ၍။ ။
(၃၅၇)နာ-ယံ ဣသိ ဥပသမ-သံယမေ ရတော၊ကပိ အယံ ဒုမ-ဝရ-သာခ-ဂေါစရော။
သော ဒူသကော ရောသကော စာပိ ဇမ္မော၊သစေ ဝဇေ-မံပိ ဒူသေယျ-ဂါရံ။ ။
ဟူသောဒုတိယဂါထာကိုဆို၏။ ။
(၃၅၇)တာတ၊ ချစ်သား။ အယံ၊ ဤသတ္တဝါသည်။ ဥပသမသံယမေ၊ ရာဂအစရှိသည်တို့ကို ငြိမ်းစေခြင်း သီလကိုထိန်းခြင်း၌။ ရတော၊ မွေ့လျော်သော။ ဣသိ၊ ရသေ့သည်။ န၊ မဟုတ်။ အယံ၊ ဤသတ္တဝါသည်။ ဒုမဝရသာခဂေါစရော၊ မြတ်သော သစ်ပင်တို့၏ အခက်၌ ကျက်စားတတ်သော။ ကပိ၊ မျောက်တည်း။ သော၊ ထိုမျောက်သည်။ ဒူသကောစ၊ ဖျက်လည်းဖျက်ဆီးတတ်၏။ ရောသကောစာပိ၊ ချုပ်လည်းချုပ်ချယ်တတ်၏။ ဇမ္မောစ၊ ယုတ်လည်းယုတ်မာ၏။ ဣမံပိ၊ ဤကျောင်းသို့လည်း။ သစေဝဇေ၊ အကယ်၍ဝင်ငြားအံ့။ အဂါရံ၊ ကျောင်းကို။ ဒူသေယျ၊ ဖျက်ဆီးရာ၏။ ။
ဤသို့ဆို၍လျှင်ဘုရားလောင်းသည် မီးစကိုကိုင်၍ ထိုမျောက်ကိုခြောက်လိုက်၍ပြေးစေ၏။ ထိုမျောက်သည်ခုန်လွှားကာ တောသို့ဝင်၍ ပြေး၏။ တစ်ဖန်ထိုအရပ်သို့မလာပြီ။ ဘုရားလောင်းသည် အဘိညာဉ်တို့ကို၎င်း၊ သမာပတ်တို့ကို၎င်းဖြစ်စေ၍၊ ရသေ့ငယ်အား ကသိုဏ်းပရိကံ ကိုကြား၏။ ထိုရသေ့ငယ်သည်လည်း အဘိညာဉ်သမာပတ်တို့ကိုဖြစ်စေ၏။ ထိုနှစ်ဦးသောရသေ့တို့သည်လည်းမယုတ်သောဈာန်ရှိကုန်သည် ဖြစ်၍ဗြဟ္မာ့ပြည်သို့လားကုန်၏။ မြတ်စွာဘုရားသည်၊ ရဟန်းတို့၊ ဤရဟန်းသည်ယခုအခါ၌သာလျှင် အံ့ဘွယ်သရဲကို ဖြစ်စေတတ်သည် မဟုတ်၊ ရှေးကာလမှစ၍လည်း ဤရဟန်းသည် အံ့ဘွယ်သရဲကို ဖြစ်စေတတ်သလျှင်ကတည်းဟု ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာတို့ကိုပြသည်၏အဆုံး၌ အချို့ကုန်သောရဟန်းတို့သည်သောတာပန်ဖြစ်ကုန်၏။ အချို့ကုန်သောရဟန်းတို့သည် သကဒါဂံဖြစ်ကုန်၏။ အချို့ကုန်သောရဟန်းတို့သည် အနာဂံဖြစ်ကုန်၏။ အချို့ကုန်သောရဟန်းတို့သည်ရဟန္တာဖြစ်ကုန်၏။ အဘယ်သို့ဇာတ်ကိုပေါင်းတော်မူသနည်းဟူမူကား။ ရဟန်းတို့၊ ယခုအခါအံ့ဘွယ်သရဲကိုဖြစ်စေတတ်သောရဟန်းသည် ထိုအခါမျောက်ဖြစ်ပြီ။ ယခုအခါရာဟုလာသည် ထိုအခါသားဖြစ်ပြီ။ ယခုအခါ ငါဘုရားသည်လျှင်ထိုအခါအဘရသေ့ဖြစ်ပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။
ကပိဇာတကံ ဒသမံ။၂၅၀။ သိင်္ဂါလဝဂ္ဂေါ ဒသမော။ တဿုဒ္ဒါနံ။ ။
သဗ္ဗဒါဌီစ,သုနခေါ,၊ဂုတ္တိလော,ဝိဂတိစ္ဆာစ,။
မူလပရိယာယံ,ဗာလောဝါဒံ,၊ပါဒဉ္ဇလိ,ကိံ သုကောပမံ,။
သာလကံ,ကဝိ,တေဒသ။ ။
အထဝဂ္ဂု-ဒ္ဒါနံ။ ။
ဒဠှဝဂ္ဂေါစ,သန္ဓဝေါ,၊ကလျာဏဓမ္မာ,သဒိသော,။
ဂူဟကော,ဒဠှဝဂ္ဂေါစ,၊ဗီရဏတ္ထမ္ဘ,ကာသာဝေါ,။
ဥပါဟနော,သိင်္ဂါလောစ,၊ဒသဝဂ္ဂါဒုကေသိယုံ။ ။
**ဒုကနိပါတောနိဋ္ဌိတော။ ။**